လွင့်မျောနေသော အိမ်မက်များ

လွင့်မျောနေသော အိမ်မက်များ

ဒုက္ခနဲ့ သက္ကရာဇ်တွေ
ကျနော့်ကိုယ်ပေါ်ပိကျ
အရွယ်လွန်လာလိုက်ပုံက
ကြောက်ခမန်းလိလိပါအမေ ...။

အမေအိုရဲ့ အယုအယ
ဂရုနာတွေ တန်းတရင်း
စိုးရွံ့မှုတွေက တဖွဖွ ...။

မှားရွင်းတဲ့စနစ်အလိုကျ
ကျွန်ဖြစ်တဲ့လူ့ဘဝမှာ
ချစ်တဲ့မိဘ
ရိုးမြေကျလို့မှ
သရဏဂုံတင်ခွင့်မရသူတွေ
ဈာပနတရား နာခွင့်မရသူတွေ
နောက်ဆုံးခရီး ပို့ခွင့်မရသူတွေ
ဟုတ်ကဲ့ ..... ဘဝတချို့ဟာ
ဖောက်ခွဲခံနေရတယ်အမေ ...။

ကျနော်ကိုယ်တိုင်လည်း
လောကရဲ့ သတ်ကွင်းမှာ
အိမ်မက်တွေ မျောလွင့်ရင်း
စုန်ဆန်ခြင်းကင်းတဲ့ ရေသေလို မြစ်တဆင်းပါ ...။

အမိမဲ့သား မဟုတ်သော်ငြား
အမေဝေးသားဟာ ရေနည်းငါးပါအမေ
တဖျက်ဖျက်လူး
တဆက်ဆက်တုန်
မှော်ရုံမှာ ရစ်မူးရင်ခုန်ရင်း
ကြွေးဟောင်းတွေလည်း တောင်လိုပုံခဲ့ပေါ့ ...။

လည်စင်းခံ အလွမ်းဇာတ်
ဆီးရွက်လောက်မျက်နှာ
ကျောသတ်ခံမာန
ကြောက်ရွံ့မှုတရားနဲ့လူ
အားလုံးဟာ
အမေခွန့်မယ့် ထမင်းတလုပ်ကို
သွေးသားထဲက တောင်းတနေကြတယ်အမေ ...။

တာရာမင်းခိုက် 
၂၂.ဝ၁.၂ဝဝ၅

ချိန်ကိုက်ဗုံး

ချိန်ကိုက်ဗုံး

ကျနော်မသိတဲ့ ကမ္ဘာမှာ
ကျနော်ရှိနေတာ မကျေနပ်လို့ပါ ။

ကျနော်မသိပဲ
ဘာကြောင့် ကျနော်ရှိနေတာလဲ ။

တခုခုတော့ သိခွင့်ပေးပါ ...

သေချာတာကတာ့
အားလုံးဟာ မျက်မမြင်ပုဏ္ဏားတွေ
ဆင်ဖမ်းဘို့ မတက်သာလို့
လက်ထဲရှိတာပေးလိုက်တယ်

ရော့  ယူ .......

Yမြစ်ချို

ရှင်သန်ခြင်း

ရှင်သန်ခြင်း

လုပ်ချင်တာလေးလုပ်ဖို့
အသက်ရှင်ဘို့လိုတယ်...

အသက်ရှင်ဘို့
ထမင်းနဲနစြားဘို့လိုတယ်...

ထမင်းတလုပ်အတွက်
စက်ရုပ်လိုနေတတ်ဘို့လိုတယ်...

စက်ရုပ်တကောင်ရဲ့ ရင်ထဲမှာ
နှလုံးသားရှိနေသမျှ
လုပ်ချင်တာလေး လုပ်ဘို့ပါပဲ...

ကဲပြော
စားစရာ ဝတ်စရာ
နေစရာမရှိရင်
အနားမှာ ဘယ်သူရှိမလဲ...

သီလစောင့်ဘို့
ငါ
အူမကိုဖေါက်ချခဲ့ပြီ...

Yမြစ်ချို

ပဒိုင်းသီး စားသူများ

ပဒိုင်းသီး စားသူများ

နဲနဲသိ
နဲနဲတတ်ဘို့
များများ ပျင်းနေကြသူတွေ ။

များများရောင့်ရဲ
များများပျော်ပါး
နဲနဲ မတွေးခေါ်တတ်သူ ။

သင်းသတ်ခံစနစ်မှာ
အလွယ်တကူပဲ
ချိန်ခွင်ပေါ်ပစ်တင်လိုက်ကြတယ် ... (ကိုယ့်ကိုကိုယ်)

ဗြဟ္မစိုရ်တရား သမုဒ္ဒရာထက်
ဝမ်းတထွာကို သီလဖျက်ကြ
အော်
ပဒိုင်းသီးစားသူတွေရဲ့ မျက်နှာတွေ
ငါလေ တုန်လှုပ်တယ်...

Yမြစ်ချို 

လူညံ့လိုအင်

လူညံ့လိုအင်

အဆင်လဲပြေ
အချိန်လေးနဲနဲရမယ်ဆိုရင်
အစေ့မပါတဲ့ လိမ္မော်သီး
အမျှင်စင်အောင် အခွံနွာ
ကြင်နာစွာ တမွှာခြင်း
အမေကို ခွန့်ကျွေးချင်တယ်။

အဆင်လဲပြေ
အချိန်လေးနဲနဲ ရမယ်ဆိုရင်
အဖေ မတွေဖူးသေးတဲ့
သမီးလေးကိုချီပိုးရင်း
သမီးပျောက်သွားတဲ့
အဖေတယောက်ရဲ့ ပုံပြင်ကို ပြောပြချင်သေးတယ်။

အဆင်လဲပြေ
အချိန်လေးနဲနဲ ရမယ်ဆိုရင်
ထောက်လာတဲ့ ဇရာအတွက်
ပါဝါ မျက်မှန်တလက်
ငါလုပ်ချင်သေးတယ်။

အဆင်လဲပြေ
အချိန်လေးနဲနဲ ရမယ်ဆိုရင်
ကျီးပေါင်းတက်နေတဲ့ ခါး
လေဆာနဲ့ 
အပ်သွားစိုက်ချင်တယ်။

အဆင်လဲပြေ
အချိန်လေးနဲနဲ ရမယ်ဆိုရင်
ပျောက်ဆုံးသွားသော
နိဗ္ဗာန်သားများအတွက်
တံတားနီ ကန်ဘောင်ရိုးရဲ့
အတိတ်ရဲ့ မြက်ခင်းမှာ
စိမ်းလဲ့ည အလင်းနဲ့ 
ခရမ်းပြာ သီချင်းလေး
ငါညည်းခြင်သေးတယ်။

ဟုတ်ကဲ့ ..အဆင်လဲပြေ .. အချိန်လေးနဲနဲပါ

တာရာမင်းခိုက်

ကျိန်စာသင့်ရာသီ


ကျိန်စာသင့်ရာသီ

မော်ခဲရေ ငါတို.ဟာ
ကျိန်စာသင့် လူမျိုးတွေပါကွယ်။

ခြောက်သွေ့ပြီ ဆိုတာနဲ့
မိစ္ဆာရာသီဟာ
ငါတို့အတွက် စပြီ။
ညီမလေးက ရှိုက်ကြီးတငင် ပြောရှာတယ်
နင်ဘယ်လောက်
အမိုးကို ချစ်တဲ့အကြောင်းတွေ။

မီးလောင်မြေ တစပြင်နဲ.
ပုပ်စော်နံ တောအုပ်ထဲမှာ
အမိုးနဲ. နင်ဟာ
ယင် နားနေတဲ့အရိုးတွေရယ်
ရိရွဲ အရောင်လွင့်
စုပ်ပြဲနေတဲ့ အင်္ဂျာီစရယ်
ဦးခေါင်းခွံနဲ့ အံသွားတွေဘဲ
ငါတို့အတွက်
ထားရစ်ခဲ့တယ်။

အနံတွေ ရတယ်
ဟုတ်တယ်
အနံတွေ ရနေတယ်
ငါ့တကိုယ်လုံး
နင်တို့အနံတွေဖုံးလို.ပေါ့
we are the one လား
သွားစမ်းပါ
အဆီပြန်နေတဲ့
ဝက်ပါးစပ်က အသံတွေ။

ကဲ ပြော
ခပ်ကျဉ်းကျဉ်းနဲ.
မဲမှောင် စုပ်ပြတ်တဲ့
ဘ၀တွေမှာ
လင်းလက် ငြိမ်းချမ်းဖို့အတွက်
နောက်ထပ်
အသက်ဘယ်နှစ်ချောင်းပေးရမလဲ။

သွေးသံ ရဲရဲနဲ့
အနိဋ္ဌာန်ရုံ များများကို
ဂရုဏာ တရားဟာ
ဈေးနှိမ်ထားသတဲ့

မော်ခဲရေ
ဒီအချိန်ဆို
မကျေနပ် တောင်ထိပ်မှာ
မြူနှင်းတွေ ဆိုင်းနေရောပေါ့။
မိုးလွတ် လေလွတ် ဆိုပေမယ့်
ဒုက္ခရာသီရဲ့လက်
မလွတ်နိုင်တဲ့ ငါတို့အမျိုးတွေ
ဒေါနမြေမှာ
သောက ဝေနေတဲ့
ငါတို့ရဲ့အမိုးတွေ
နာကျင် ကြေကွဲစရာတွေက
အများကြီးပဲကွယ်။

ဇွဲကပင် တောင်ခြေနားမှာ
ငြိမ်းချမ်းရေး ပန်းတွေ
ဖွေးဖွေးလှုပ်တဲ့အခါ
ဖားစည်သံ မြည်ဟီးထ
လရောင်နဲ့ဒုံးယိမ်းက
အောင်ပွဲည အခါသမယမှာ
အမိုးနဲ့နင့်လိပ်ပြာ
ငါ့လက်မှာ ချည်ပတ်လိုက်မှာပါ

အခုတော့မော်ခဲရေ
ငါတို့ဟာ
ကျိန်စာသင့်လူမျိုးတွေပါကွယ် ။

(တာရာမင်းခိုက်) ၂၀၀၆ခုနှစ် ဒီဇင်လာလ ၂၃

မှန်စပေါ်က မြစ်တစင်း


မှန်စပေါ်က မြစ်တစင်း

စိတ်ကိုအေးအေးထား
မာယာကိုများများသုံး
ဒီလောက်နေလှောင်မှတော့
အဆီပြန်နေလောက်ရောပေါ့
ရော့~~
တို့ ပတ်လေးတို့ လိုက်မြစ်ရေ......
ဖြစ်ပုံက
မြစ်ကိုယ်တိုင်ရေရောခံနေရတာလေ.....

သိပ်စစ်တဲ့လူကိုတွေ့ ဖို့ 
စိတ်သစ်နဲ့ မှန်ကိုကြည့်ပါ
စိတ်ညစ်ရင်ထုဖို့
တူတလက်လဲ ပါပစေ..
ပြီးရင်
သိပ်ချစ်တယ်ပြောရင်း
မှန်ကိုပြုံးပြလိုက်ပါကွယ်........

တာရာမင်းခိုက်