ကျိန်စာသင့်ရာသီ


ကျိန်စာသင့်ရာသီ

မော်ခဲရေ ငါတို.ဟာ
ကျိန်စာသင့် လူမျိုးတွေပါကွယ်။

ခြောက်သွေ့ပြီ ဆိုတာနဲ့
မိစ္ဆာရာသီဟာ
ငါတို့အတွက် စပြီ။
ညီမလေးက ရှိုက်ကြီးတငင် ပြောရှာတယ်
နင်ဘယ်လောက်
အမိုးကို ချစ်တဲ့အကြောင်းတွေ။

မီးလောင်မြေ တစပြင်နဲ.
ပုပ်စော်နံ တောအုပ်ထဲမှာ
အမိုးနဲ. နင်ဟာ
ယင် နားနေတဲ့အရိုးတွေရယ်
ရိရွဲ အရောင်လွင့်
စုပ်ပြဲနေတဲ့ အင်္ဂျာီစရယ်
ဦးခေါင်းခွံနဲ့ အံသွားတွေဘဲ
ငါတို့အတွက်
ထားရစ်ခဲ့တယ်။

အနံတွေ ရတယ်
ဟုတ်တယ်
အနံတွေ ရနေတယ်
ငါ့တကိုယ်လုံး
နင်တို့အနံတွေဖုံးလို.ပေါ့
we are the one လား
သွားစမ်းပါ
အဆီပြန်နေတဲ့
ဝက်ပါးစပ်က အသံတွေ။

ကဲ ပြော
ခပ်ကျဉ်းကျဉ်းနဲ.
မဲမှောင် စုပ်ပြတ်တဲ့
ဘ၀တွေမှာ
လင်းလက် ငြိမ်းချမ်းဖို့အတွက်
နောက်ထပ်
အသက်ဘယ်နှစ်ချောင်းပေးရမလဲ။

သွေးသံ ရဲရဲနဲ့
အနိဋ္ဌာန်ရုံ များများကို
ဂရုဏာ တရားဟာ
ဈေးနှိမ်ထားသတဲ့

မော်ခဲရေ
ဒီအချိန်ဆို
မကျေနပ် တောင်ထိပ်မှာ
မြူနှင်းတွေ ဆိုင်းနေရောပေါ့။
မိုးလွတ် လေလွတ် ဆိုပေမယ့်
ဒုက္ခရာသီရဲ့လက်
မလွတ်နိုင်တဲ့ ငါတို့အမျိုးတွေ
ဒေါနမြေမှာ
သောက ဝေနေတဲ့
ငါတို့ရဲ့အမိုးတွေ
နာကျင် ကြေကွဲစရာတွေက
အများကြီးပဲကွယ်။

ဇွဲကပင် တောင်ခြေနားမှာ
ငြိမ်းချမ်းရေး ပန်းတွေ
ဖွေးဖွေးလှုပ်တဲ့အခါ
ဖားစည်သံ မြည်ဟီးထ
လရောင်နဲ့ဒုံးယိမ်းက
အောင်ပွဲည အခါသမယမှာ
အမိုးနဲ့နင့်လိပ်ပြာ
ငါ့လက်မှာ ချည်ပတ်လိုက်မှာပါ

အခုတော့မော်ခဲရေ
ငါတို့ဟာ
ကျိန်စာသင့်လူမျိုးတွေပါကွယ် ။

(တာရာမင်းခိုက်) ၂၀၀၆ခုနှစ် ဒီဇင်လာလ ၂၃

1 comments:

လရိပ်အိမ် said...

စိတ်မကောင်းဘူး ၊ ကဗျာရေးသူရဲ့ရင်ထဲကိုဖောက်ထွင်းမြင်မိတယ်။

Post a Comment